ဝါရှင်တန်၊
ဇူလိုင် ၂၀
အမေရိကန်ပြည်ထောင်စုနှင့်
ကျူးဘားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး အသစ်တစ်ဖန်စတင်မှုကို ဇူလိုင် ၂၀ ရက်နေ့က တရားဝင်ပြုလုပ်ခဲ့ပြီး
နှစ်နိုင်ငံမြို့တော်များ၌ သံရုံးများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ စစ်အေးခေတ်မှစ၍
ရန်ဘက်နိုင်ငံများအဖြစ် ရှိခဲ့ကြပြီး ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်ရှိခဲ့သောအာဃာတများကို
ပြည်ဖုံးကားချရန် ရည်ရွယ်၍ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း PTI သတင်းတွင် ဖော်ပြသည်။
အမေရိကန်နှင့်
ကျူးဘားနှစ်နိုင်ငံအကြား ရန်ငြိုးဖွဲ့မှုကို ချေဖျက်၍ တန်းတူရည်တူ ပူးပေါင်းလုပ်ဆောင်ရေး
သဘောတူညီချက်ကို လအနည်းငယ်အတွင်း ရရှိခဲ့ပြီးနောက် ယင်းသို့သော သမိုင်းတွင်လောက်သည့်
အလှည့်အပြောင်းတစ်ရပ်ကို မြန်ဆန်စွာ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည်
ကျူးဘားနိုင်ငံအပေါ် အမေရိကန် အစိုးရအဆက်ဆက်က ထားရှိခဲ့သော မူဝါဒများကို သမိုင်းအမွေအဖြစ်
လက်ခံထားသူ ဖြစ်သည်။
အိုဘားမား၏
အစိုးရအဖွဲ့က ထိန်းချုပ်မှုတင်းကျပ်လွန်းသော ကွန်မြူနစ်ဝါဒ ကျင့်သုံးသည့် ကျူးဘားနိုင်ငံအား
အထီးကျန်အဖြစ် ထားရှိခြင်းနှင့် စီးပွားရေးဆိုင်ရာ ကန့်သတ်အရေးယူခြင်းများဖြင့် အပြောင်းအလဲများ
ဖြစ်စေရန် လုပ်ဆောင်မှုများ အောင်မှုမရှိဟု ၀န်ခံခဲ့သည်။
ကျူးဘားနှင့်ထိတွေ့ဆက်ဆံမှု
တိုက်ရိုက်လုပ်ဆောင်ခြင်းကသာ ယင်းနိုင်ငံ၌ ဒီမိုကရေစီနှင့် ကြွယ်ဝချမ်းသာရေးအတွက် တွန်းအားပေးမည့်
ပိုမိုကောင်းမွန်သော နည်းလမ်းအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဝါရှင်တန်မြို့တော်၌
သမ္မတအိမ်ဖြူတော်နှင့် အနီးဆုံးနေရာတွင် ရှိနေသည့် ပြန်လည်ပြုပြင် မွမ်းမံထားသော ကျူးဘားသံရုံးတွင်
၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျူးဘားနိုင်ငံတော်အလံကို လွှင့်ထူထားပြီး
ဖြစ်သည်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တနင်္လာနေ့တွင် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးအား
လက်ခံတွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ကျူးဘားနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ရာ ယင်းမှာလည်း သမိုင်းဝင်အဖြစ်အပျက်တစ်ခု
ဖြစ်လာမည် ဖြစ်သည်။
Ref:
PTE / The Mirror News
























