Thursday, October 1, 2015

တရုတ်နိုင်ငံ၏ ရေတပ်အင်အားတိုးချဲ့ခြင်းအပေါ် ဂျပန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်



နယူးယောက်၊ စက်တင်ဘာ ၃၀
ဂျပန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများက တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့ခြင်းနှင့်
ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ မူဝါဒများကို ပေါင်းစပ်ညှိုနိုင်းရန် သဘောတူညီမှု ရရှိခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယိုကီရှီဒါ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အိန္ဒိယ နိုင်ငံခြားရေး
ဝန်ကြီး ဆူရှာမာဆွာရာဂ်ျတို့သည် စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့တွင် ပထမဆုံးအကြိမ် 
သုံးပွင့်ဆိုင် သီးသန့်တွေ့ဆုံခဲ့ကြသည်။
ယင်းသို့တွေ့ဆုံခဲ့ရာတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ စစ်အင်အားတိုးချဲ့ခြင်းအပေါ်
စိုးရိမ်ပူပန်မှုများရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ပိုင်နက်နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် မြေတူးဖော်ရေးလုပ်ငန်း 
စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် ၎င်းဒေသတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် 
တရုတ်နိုင်ငံတို့အကြား သဘောထားတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
အာရှပစိဖိတ်ဒေသတွင် တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းစေရန် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး သဘောထားတင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏ စစ်အင်အားတိုးမြှင့်မှုအပေါ် ၎င်းတို့၏မူဝါဒများ ချမှတ်မှုကို သုံးနိုင်ငံပူးပေါင်းလုပ်ဆောင်ရန်
အတည်ပြုခဲ့ကြသည်။
ထို့အပြင် ဘေးအန္တရာယ်ကျရောက်သည့်အခါ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် 
ယင်းသုံးနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များတွေ့ဆုံကာ အတွေ့အကြုံများဖလှယ်ပြီး အစည်းအဝေးတစ်ရပ် 
ကျင်းပရန်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် 
ကူညီထောက်ပံ့မှုဆိုင်ရာ အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပရန် သဘောတူညီခဲ့ကြသည်။


Ref: NHK / The Mirror

No comments:

Post a Comment

Popular Posts