Saturday, December 5, 2015

အမေရိကန်အမျိုးသမီးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရေးတာဝန်အားလုံး ထမ်းဆောင်ခွင့်ပြု



ဝါရှင်တန်၊ ဒီဇင်ဘာ ၎

လက်နက်ကိုင်တပ်များအတွင်း ကျား၊ မ မခွဲခြားမှု အတားအဆီးများကို
ပိုမိုကျော်လွှားနိုင်ရန် အမေရိကန်တပ်မတော်က အမျိုးသမီးများအား
တိုက်ခိုက်ရေးများတွင် ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး
အက်ရှ်ကာတာက ပြောကြားသည်။
တိုက်ရည်ခိုက်ရည် အရည်အသွေးနှင့် အဆင့်အတန်းပြည့်ဝသော
အမျိုးသမီးများသည် မိမိတို့မစ်ရှင်အတွက် ကူညီပေးနိုင်လိမ့်မည်
ဖြစ်ကြောင်းနှင့် တင့်ကားနှင့် ယခင်က အမျိုးသားများသာ
တာဝန်ထမ်းဆောင်ခွင့်ရှိသော ရေတပ်၊ လေတပ်နေရာများတွင်ပါ
ခွင့်ပြုမည်ဖြစ်ကြောင်း ကာတာက ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားသည်။

သမ္မတ ဘားရက်အိုဘားမားကလည်း သမိုင်းတွင်မည့် ထိုအဆင့်မြှင့်
တင်မှုအတွက် ဆော်သြလိုက်ပြီး အမေရိကန်တပ်မတော်ကို ပိုမို
တောင့်တင်းခိုင်မာအောင် တည်ဆောက်သွားရမည်ဟု ဆိုသည်။
အရည်အချင်းပြည့်ဝသော အမျိုးသမီးများအနေဖြင့် တပ်မတော်တွင်
တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်းသစ်များ ရရှိလိမ့်မည်ဖြစ်ကြောင်း
သမ္မတအိုဘားမား၏ ကြေညာချက်တွင် ဖော်ပြသည်။


Ref: Reuters News / Myanma Alinn Daily


MFM News & Media

ထိုင်းနိုင်ငံအတွင်း အိုင်အက်စ်နှင့်ဆက်နွယ်သူများဝင်ရောက်လာ





ဗန်ကောက်၊ ဒီဇင်ဘာ ၎
 ရုရှား၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် အောက်တိုဘာလ
အတွင်းက ထိုင်းနိုင်ငံအတွင်း အိုင်အက်စ်နှင့် ဆက်နွယ်သော
ဆီးရီးယားများဝင်ရောက်လာခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေး
ဌာနမှ သတင်းပေါက်ကြားမှုကိုကိုးကားလျက် ထိုင်းရဲတပ်ဖွဲ့က
ပြောဆိုလိုက်သည်။
ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများအား ပါဝင်တိုက်ခိုက်သည့်
ရုရှားတို့၏ အကျိုးစီးပွားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်
လာနိုင်ကြောင်း အထူးရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြသည်။
ရုရှားနိုင်ငံက စက်တင်ဘာ ၃၀ ရက်တွင် ဆီးရီးယားလေကြောင်း
တိုက်ခိုက်မှုစတင်ကာ လွန်ခဲ့သည့် သီတင်းပတ်များက
တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်လာကြသည်။
အောက်တိုဘာလအတွင်းက လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သော
ရုရှားလေကြောင်းလိုင်းပိုင် လေယာဉ် အီဂျစ်နိုင်ငံအတွင်း ပစ်ချ
ခံရခြင်းမှာ အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
အမျိုးသားလုံခြုံရေး ကိုင်တွယ်ဆောင်ရွက်နေသော ထိုင်းအထူး
ရဲတပ်ဖွဲ့ အဆိုပါ သတင်းပေါက်ကြားမှုဆိုင်ရာ မှတ်တမ်းကို အခြား
ရဲတပ်ဖွဲ့ဌာနများသို့လည်း ဖြန့်ဝေပေးခဲ့ကြောင်း ထိပ်တန်းရဲအရာရှိ
နှစ်ဦးက ရိုက်တာသို့ ပြောသည်။ အောက်တိုဘာ ၁၅ ရက်နေ့နှင့်
၃၁ ရက်အကြား ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာသော ဆီးရီးယား
နိုင်ငံသား ၁၀ ဦးအား ရုရှားထောက်လှမ်းရေးက သတိပေးထားကြောင်း
ထိုင်းအထူးရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ကြေညာချက်
ထုတ်ပြန်ခဲ့သည်။ အဆိုပါ မှတ်တမ်းအား ကြာသာပတေးနေ့က လူမှု

မီဒီယာများသို့ ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။

Ref: Reuters News / Myanma Alinn Daily
          
MFM

Thursday, October 15, 2015

ဥပဒေကခွင့်ပြုနေသမျှ အမေရိကန်သင်္ဘောများ လွတ်လပ်စွာသွားလာနေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြောကြား





ဝါရှင်တန်၊ အောက်တိုဘာ ၁၄

တောင်တရုတ်ပင်လယ်တွင် တရုတ်တို့၏ ပိုင်နက်အငြင်းပွားမှုများ ရှိနေသော်လည်း နိုင်ငံတကာ
ဥပဒေက ခွင့်ပြုနေသမျှ ကာလပတ်လုံး အမေရိကန်သင်္ဘောများမှာတားဆီးပိတ်ပင်ခြင်းမရှိဘဲ လွတ်လပ်စွာခုတ်မောင်းသွားလာနေမည်ဖြစ်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး 
အက်ရှ်ကာတာက ပြောသည်။
အောက်တိုဘာ ၁၃ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သြစတြေးလျ
ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ကာတာက ထိုသို့ မှတ်ချက်ပြု
 ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာဥပဒေခွင့်ပြုနေသမျှ ကာလပတ်လုံး အမေရိကန်လေယာဉ်နှင့် 
ရေယာဉ်များ အတားအဆီးမရှိ ပျံသန်း၊ ခုတ်မောင်နေမည်ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်သည်
 ခြွင်းချက်တစ်ခု မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်က တည်ဆောက်ခဲ့သော ကျွန်းများအနီး ရေမိုင် ၁၂ မိုင်ထဲသို့ 
သင်္ဘောများ စေလွှတ်ရန် အမေရိကန်က ဆုံးဖြတ်ခဲ့ပြီးနောက် ထိုသို့ ကာကွယ်ရေးဝန်ကြီး တာတာ၏ 
မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အငြင်းပွားဖွယ်ကျွန်းသည် တရုတ်(တိုင်ပေ)၊ မလေးရှား၊ 
ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့လည်း သက်ဆိုင်မှုရှိကြောင်း သိရသည်။

အဆိုပါလူလုပ်ကျွန်းများသည် ရေပိုင်နက်များ တည်ဆောက်သတ်မှတ်ရာတွင် အဓိကကျသော 
ကိစ္စများမဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ခေါင်းဆောင်
 ရေတပ်ဗိုလ်ချုပ်ကြီးက ရေတပ်သင်္ဘောစုကို အငြင်းပွားရေပိုင်နက်သို့ စေလွှတ်ရန်စီစဉ်နေကြောင်း
NHK သတင်းတစ်ရပ်သို့ ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်မီဒီယာများကလည်း အမေရိကန်အစိုးရသည် အငြင်းပွားကျွန်းရှိရာသို့
ရေတပ်သင်္ဘောများ စေလွှတ်မည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

Ref: NHK News / Myanma Alinn


MFM




Wednesday, October 14, 2015

နာလန္ဒာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး အိန္ဒိယနှင့် ပေါ်တူဂီလက်မှတ်ရေးထိုး



နယူးဒေလီ၊ အောက်တိုဘာ ၁၃

ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် နာလန္ဒာ တက္ကသိုလ်ပြန်လည်
တည်ဆောက်ရေးအတွက် အိန္ဒိယနှင့်ပေါ်တူဂီနိုင်ငံတို့ အောက်တိုဘာ ၁၃ ရက်နေ့က
လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် နာလန္ဒာ တက္ကသိုလ်သည်
နိုင်ငံပေါင်းများစွာ၏ ထောက်ပံ့ကူညီမှုဖြင့် ထူးချွန်ထက်မြတ်သည့် သင်ကြားရေး ဗဟိုဌာန
တစ်ခုအဖြစ် ပြန်လည်အသက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။
ပေါ်တူဂီနိုင်ငံသည် နာလန္ဒာ တက္ကသိုလ်ပြန်လည်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနှင့်လက်မှတ်ရေးထိုးသည့်
တရုတ်၊  သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့အပါအ၀င် ၁၇ နိုင်ငံမြောက် နိုင်ငံဖြစ်သည်။
နာလန္ဒာ တက္ကသိုလ်သည် ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပြဋ္ဌာန်းသော နာလန္ဒာ တက္ကသိုလ်
အက်ဥပဒေနှင့်အတူ ပြန်လည်ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်သည်။
နာလန္ဒာ တက္ကသိုလ်၏ ပထမဆုံးသင်ကြားရေး အစီအစဉ်ကို လွန်ခဲ့သည့်နှစ်က ကျောင်းသား ၁၅ ဦးဖြင့်
ပြန်လည်စတင်ခဲ့သည်။
ရှေးအခါက နာလန္ဒာ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းမှ ကျောင်းသားဦးရေ ၁၀၀၀၀ နှင့်
ဆရာ ၂၀၀၀ တို့ ပညာသင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ပထမဆုံးသော ကျောင်းအိပ်ကျောင်းစား
နေထိုင်ခွင့်ပေးခဲ့သည့် တက္ကသိုလ်ဖြစ်သည်။

Ref: Shinhwa news / The Mirror
MFM




Sunday, October 11, 2015

မြန်မာတို့၏ ယဉ်ကျေးမှု အမွေ ပုဂံခေတ် မြစေတီကျောက်စာနှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာတို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်အတည်ပြုပြီ





အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တွင် အောက်တိုဘာလ ပထမပတ်အတွင်း ကျင်းပသော
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အစီအစဉ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်အတွက်
ကမ္ဘာ့မှတ်တမ်းဝင် အမွေအနှစ်လျှောက်ထားမှုပေါင်း ၈၈ ခုအနက်မှ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက
တင်သွင်းသော မြစေတီကျောက်စာ၊ ဗြိတိန်နိုင်ငံ ဗြိတိန်စာကြည့်တိုက်နှင့် ဂျာမဏီနိုင်ငံ ဟန်နိုဗာမြို့ 
Gottfried Wihelm Lebnize စာကြည့်တိုက်တို့က ပူးပေါင်းတင်သွင်းသော ဟန်နိုဗာမြို့ရှိ 
အလောင်းမင်းတရားကြီး၏ ရွှေပေလွှာမှတ်တမ်း အမွေအနှစ်အပါအ၀င် ၄၇ ခုကို ယူနက်စကို 
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းတွင် ထည့်သွင်း သတ်မှတ်အတည်ပြုခဲ့ပြီ ဖြစ်ပါသည်။
မြစေတီကျောက်စာသည် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာ စာပေလောကတို့တွင် 
အထူးထင်ရှား၍အရေးပါသော ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို သက္ကရာဇ် ၄၇၅ 
( အေဒီ - ၁၁၁၃ ) ခုတွင်ရေးထိုးခဲ့ကြောင်း သိရသည်။ ကျောက်စာတိုင်နှစ်တိုင်တွေ့ရှိရာ 
ပထမကျောက်စာတိုင်ကို ပုဂံတောင်ဘက် မြင်းကပါရွာအနီး မြစေတီခြေရင်းမှ တွေ့ရှိရပြီး 
ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ထားရှိကြောင်းသိရသည်။
နောက်ထပ် တစ်တိုင်ကိုမူ ဂူပြောက်ကြီးဘုရားအတွင်းတွင် အပိုင်းသုံးပိုင်း ကျိုးပြတ်လျက် တွေ့ရှိရပြီး
ပထမအကြိမ်၌ အောက်နှစ်ပိုင်းကိုသာ တွေ့ရှိရသည်ဟု ဆိုသည်။
ထို့နောက် ၁၉၀၄ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၂၆၆ ) တွင် ပြိုပျက်နေသော မြစေတီ မဟာရံတံတိုင်းကို
 ပြင်ဆင်သောအခါ ဒုတိယအကြိမ်၌ ကျန်နေသည့် ကျောက်စာထိပ်ပိုင်းကို ထိုတံတိုင်းအတွင်းမှ ရသဖြင့် ဒုတိယကျောက်စာတိုင်မှာ စုံလင်သွားကြောင်း သိရသည်။ ထို့နောက်ယင်းကျောက်စာတိုင်၏ အောက်ခြေ
ငုတ်တိုကို မြစေတီ၏ အရှေ့ဘက်ခြေရင်း၌ ကပ်လျက်ရှိသော ပိဋကတ်တိုက်ဟု ယူဆရသည့် 
အဆောက်အအုံဟောင်းထဲ၌ တွေ့ရှိရကြောင်း၊ ယခုအခါ မြစေတီဘုရားရင်ပြင်တော်ပေါ်တွင် ကျောက်စာရုံ တည်ဆောက်ထိန်းသိမ်းပြသထားကြောင်း သိရသည်။
ထို့အတူ မြန်မာစာပေအရေးအသား၏ မူလအစကို ရှာဖွေလျှင်လည်း ယင်းကျောက်စာကို တွေ့ရှိရသည်။
စင်စစ်အားဖြင့် မြစေတီကျောက်စာသည်ကား မြန်မာစာပေ၏ အုတ်မြစ်သဖွယ်ပင် ဖြစ်သည်။
မြန်မာစာပေတွင် ကျောက်စာစကားပြေသည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆဖွယ် ဖြစ်၏။ မြန်မာဘာသာမျှ 
မကသေး။ အထက်ပါအကြောင်းအရာကို ပျူ၊၊ မွန်၊ ပါဋ္ဌိ ဘာသာဖြင့်လည်းကောင်း ကျောက်စာတိုင်၏ 
အခြားသော သုံးမျက်နှာ အသီးသီးတွင် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ မြစေတီကျောက်စာတွင် 
အဓိကတန်ဖိုးကြီးမားသော အချက်နှစ်ချက် ရှိပြီး ပထမအချက်မှာ အကြောင်းအရာတစ်ခုတည်းကို 
ဘာသာလေးမျိုးဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အကြောင်းအရာတူ ဘာသာလေးမျိုးဖြင့်
 ကျောက်စာတိုင်နှစ်တိုင် ရေးထိုးခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မြစေတီကျောက်စာသည် ထူးခြားထင်ရှားသည့် မြန်မာ့သမိုင်းအတွက် အရေးကြီးသည့်
 ကျောက်စာဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် တန်ဖိုးထားနိုင်ရန်
တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းသို့ တင်သွင်းမှုများအနက် မြန်မာဘုရင် အလောင်းဘုရားက
ဗြိတိန်ဂျော့ဘုရင်၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံက
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘက်သို့ သဘောထား
တောင်းခံပြီး ဂျာမဏီနိုင်ငံက ပူးတွဲတင်ပြခြင်းဖြစ်သည်။ ဤရွှေပေလွှာကို ဂျာမဏီနိုင်ငံ ဟန်နိုဗာမြို့ရှိ
Gottfried Wihelm Leibniz စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်။
အဆိုပါ ရွှေပေလွှာရွက်သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ဗြိတိန်ဘုရင်
ဂျော့ -၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် အင်္ဂလိပ်ကုန်သည်အဖွဲ့ကို ဟိုင်းကြီးကျွန်းပေါ်၌
နေထိုင်ခွင့်ပြုထားကြောင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် လွတ်လပ်သော ပြည်ထောင်မင်းအချင်းချင်း
တန်းတူညီမျှဖြင့် ပေးပို့သောသ၀ဏ်လွှာဖြစ်ပြီး ဗြိတိန်ဘုရင် ဂျော့ -၂ က ၎င်း မွေးဖွားရာဇာတိဖြစ်သော
ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်းပေးခဲ့၍ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
သ၀ဏ်လွှာ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခတ်နှိပ်ထားသည်။
ရွှေပေလွှာတွင် စာကြောင်းရေ ၁၀ ကြောင်းပါရှိသည်။ ရွှေပေလွှာပေးပို့သော ရက်စွဲမှာ
၁၇၅၆ ခု မေ ၇ ရက်ဖြစ်သည်။ အဆိုပါ ရွှေပေလွှာကို ၂၀၁၄ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဂျာမဏီနိုင်ငံသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်တွင်
လေ့လာကြည့်ရှုခဲ့ရသည်။ ဂျာမဏီအစိုးရက ယင်းရွှေပေလွှာ ဒီဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့
ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ရွှေပေလွှာမိတ္တူကို အမျိုးသားပြတိုက် ( ရန်ကုန် ) တွင်
ပြသထားကြောင်းလည်း သိရသည်။


Ref: မြန်မာ့အလင်း

အီဂျစ်ဘုရင် တူတန်ခမန်၏ ရွှေမျက်နှာဖုံး ပြန်ပြင်မည်



ကိုင်ရို၊ အောက်တိုဘာ ၁၀

အီဂျစ်နိုင်ငံ၏ ရှေးအကျဆုံးယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် အီဂျစ်ဘုရင် တူတန်ခမန်၏
ရွှေမျက်နှာဖုံးကို အောက်တိုဘာ ၁၀ ရက်က မူရင်းပုံမပျက် ပြန်လည်ပြုပြင်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် မျက်နှာဖုံးနေရာတော်တော်များများမှာ ပျက်စီးလျက်ရှိပြီး
အပေါ်မှ ကော်များသုတ်ခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။
အီဂျစ်၊ ဂျာမန်အဖွဲ့က ကိုင်ရိုမြို့ရှိ အီဂျစ်အမျိုးသားပြတိုက်တွင် ၎င်းမျက်နှာဖုံးကို ပြုပြင်မည်ဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါမျက်နှာဖုံးကို ကိုင်ရိုရှိ အမျိုးသားပြတိုက်၏
မှန်ပေါင်ထဲတွင် ပြသထားသည်။


 Ref: Shinhwa news / Myanma Alinn Daily
MFM

ဆီးရီးယားအလက်ပိုမြို့အနီး ကျေးရွာများ အိုင်အက်စ်စစ်သွေးကြများက သိမ်းပိုက်ထား





ဘေရွတ်၊ အောက်တိုဘာ ၁၀
ရုရှားက လေကြောင်းနှင့် ရေကြောင်းမှ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော်လည်း
အိုင်အက်စ်စစ်သွေးကြွများက ပြိုင်ဘက်တိုက်ခိုက်ရေးသမားများလက်မှ အလက်ပိုမြို့မြောက်ပိုင်းအနီး
ကျေးရွာများကို သိမ်းပိုက်လိုက်ကြောင်း အဆိုပါ စစ်သွေးကြွအုပ်စုက သောကြာနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်က အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက်နေသော ဆီးရီးယားသူပုန်များကို စစ်ရေး
လေ့ကျင့်ပေးပြီး လက်နက်များထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် အဆိုပါသတင်း
ထွက်ပေါ်လာခြင်းဖြစ်သည်။
အိုဘားမားအစိုးရအနေဖြင့် လေးနှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ကို အပြောင်းအလဲအဖြစ်ရန်
ကြိုးပမ်းနေချိန် ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို အားပေးအားမြှောက်မှုဖြင့်
ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်လာသည်။
အပြိုင်ဗုံးကြဲတိုက်ခိုက်မှုများကြောင်း မတော်တဆဖြစ်မှုများကို ရှောင်ရှားရန်အတွက် ရုရှားက
ဆီးရီးယားစစ်ပွဲအတွင်း ၀င်ရောက်မှုကို ယခု သီတင်းပတ်ရက်ပိုင်းတွင် ဆွေးနွေးသွားနိုင်မည်ဟု
မျှော်လင့်ကြောင်း ပင်တဂွန်က ပြောသည်။ ဆီးရီးယားသူပုန်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ
အာဆတ်ကို ဆန့်ကျင်သော သူပုန် ၃၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး

ဌာနက ပြောသည်။

Ref: Reuters News  / Myanma Alinn Daily

တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းစုအတွင်း မီးပြတိုက်နှစ်လုံး တည်ဆောက်ပြီးစီးနေ



ရှန်ဟိုင်း၊ အောက်တိုဘာ ၁၀

အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏ မီးပြတိုက်နှစ်ခု တည်ဆောက်မှုမှာ
ပြီးစီးသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။
အဆိုပါကျွန်းရှိ ကာတာရွန်သန္တာကျောက်တန်းနှင့် ဂျွန်ဆင်သန္တာကျောက်တန်း တောင်ပိုင်းတို့၌
မီးပြတိုက်တည်ဆောက်ပြီးစီးမှု အခမ်းအနားများ ကျင်းပခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်းတွင်
ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က အဆိုပါမီးပြတိုက်များ တည်ဆောက်မှုကို ကန့်ကွက်နေလင့်ကစား
တရုတ်တို့က ပြီးစီအောင် တည်ဆောက်ခဲ့သည်။
နှစ်စဉ်ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် အမေရိကန်ဒေါ်လာ ငါးထရီလီယံ ရရှိနိုင်သော
အဆိုပါ အငြင်းပွားကျွန်းစု တောင်တရုတ်ပင်လယ်ကို တရုတ်တို့က အများဆုံးပိုင်ဆိုင်လိုကြောင်း
တောင်းဆိုထားသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ကလည်း
ယင်းအငြင်းပွာ ပိုင်နက်တစ်ခုနှင့်တစ်ခု ထပ်နေသည်ဟု ဆိုသည်။
အမေရိကန်တို့က အဆိုပါ အငြင်းပွားရေပိုင်နက်မှ ၁၂ မိုင်အတွင်း စစ်သင်္ဘောများ ဦးတည်
ခုတ်မောင်းရန် ပြင်ဆင်နေစဉ် တရုတ်တို့က ရေကြောင်းလွတ်လပ်ခွင့်ကို အကြောင်းပြု၍
ခုတ်မောင်းရန် ပြင်ဆင်နေသော အမေရိကန်စစ်သင်္ဘောများ ယင်းပိုင်နက်အတွင်း ရပ်တန့်ခွင့်
မပေးနိုင်ကြောင်း တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားလိုက်သည်။


Ref: Reuters News  / Myanma Alinn Daily

Friday, October 2, 2015

လူအများအပြားသေဆုံးရသောကိစ္စများတွင် ဗီတိုအာဏာသုံးရေး ပြင်သစ်၏တင်ပြချက် နိုင်ငံအများအပြားထောက်ခံ


ဂျီနီဗာ၊ အောက်တိုဘာ ၁

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနေဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ကိစ္စများတွင် လက်ရှိဗီတိုအာဏာသုံးစွဲခြင်းကို ရှောင်ကျဉ်နေခြင်းအပေါ် ပြင်သစ်၏ အကြံပြုချက်ကို
ဒါဇင်ပေါင်းများစွာသော နိုင်ငံများက ထောက်ခံလိုက်သည်။
ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့မှ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဆိုပါအကြံပြုချက်ကို
ထောက်ခံထားကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရှိရာတွင် နိုင်ငံများ ပိုမိုပါဝင်လာလိမ့်မည်ဟု
မျှော်လင့်ကြောင်း ပြင်သစ်တာဝန်ရှိသူများက ပြောသည်။
မိမိတို့အနေဖြင့် လူအစုအပြုံလိုက် သေဆုံးမှုဖြစ်ပေါ်နေသော ဆီးရီးယားကဲ့သို့ အခြေအနေကို ပိုမို
ကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း လုံခြုံရေးကောင်စီအနေဖြင့် ဗီတိုအာဏာကို
အသုံးမ၀င်အောင် ပြုလုပ်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင်ဖာဘီရပ်စ်က သတင်းထောက်များအား
ပြောကြားသည်။
ပြင်သစ်နိုင်ငံသည် လုံခြံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သော်လည်း လူအများအပြား သေဆုံးသည့်

ကိစ္စများတွင် ဗီတိုအာဏာ အသုံးမပြုဘဲနေကြောင်း ၎င်းက ၀န်ခံပြောကြားသည်။

Ref: Reuters News  / Myanma Alinn Daily

အမေရိကန်နုစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ဂျပန်သို့ရောက်ရှိ


တိုကျို၊ အောက်တိုဘာ ၁

ဂျပန်က မေလတွင် ခွင့်ပြုခဲ့သော နုကလီးယားစွမ်းအင်သုံး ဂျော့ဝါရှင်တန်ကို ပြန်လည်နေရာချထားရန်
ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ အမေရိကန် နုကလီးယားစွမ်းအင်သုံး
လေယာဉ်တင်သင်္ဘော ရော်နယ်ရေဂင်သည် ကြာသာပတေးနေ့က တိုကျိုမြို့ အနောက်တောင်ပိုင်းသို့
ရောက်ရှိလာသည်။
အဆိုပါနုကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသည် သောကြာနေ့တွင် အဆိုပါရေတပ်အခြေစိုက်စခန်းသို့
ရောက်ရှိရန် စီစဉ်ထားပြီး အမေရိကန်၏ ပဉ္စမမြောက် လေယာဉ်တင်သင်္ဘောကြီး ဖြစ်သည်။
၁၉၇၃ ခုနှစ်ကတည်းက ယိုကိုဆူအာ၌ ဖြန့်ကြက်ထားသည့် the midway, the Independence, the kitty Hawk
နှင့် the George Washington တို့အပြီး ရောက်ရှိလာသော ပဉ္စမမြောက်လေယာဉ်တင်သင်္ဘောကြီး ဖြစ်သည်။
အဆိုပါနုကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးသည် ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး
တန်ချိန် ၉၇၀၀၀ ရှိကာ အရှည် ၃၃၃ မီတာရှိသည်။ အဆိုပါလေယာဉ်တင်သင်္ဘောတွင် တပ်ဖွဲ့ဝင် ၅၀၀၀

ခန့် လိုက်ပါနိုင်ပြီး လေယာဉ်အစင်း ၈၀ ကျော် တင်ဆောင်နိုင်သည်ဟု ဆိုသည်။

 Ref: Shinhwa news / Myanma Alinn Daily

MFM

Thursday, October 1, 2015

ဆီးရီးယားတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ရေး ရှရှားပါလီမန် တစ်ညီတစ်ညွတ်တည်း အတည်ပြု





မော်စကို၊ စက်တင်ဘာ ၃၀

ဆီးရီးယားတွင် ရုရှားတပ်များ ဖြန့်ကြက်ရေး သမ္မတပူတင်၏ တောင်းဆိုမှုအပေါ် ရုရှားပါလီမန်က 
ဗုဒ္ဓဟူးနေ့တွင် တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ပြီဖြစ်ကြောင်း ကရင်မလင်ထိပ်တန်း
လက်ထောက်တစ်ဦးက ပြောကြားလိုက်သည်။
ရုရှားနိုင်ငံအနေဖြင့် အိုင်အက်စ်စစ်သွေးကြွများနှင့် အနောက်အုပ်စုကျောထောက်နောက်ခံပြုသူများ၏ 
တိုက်ခိုက်မှု ပဋိပက္ခအတွင်း သမ္မတအာဆတ် အစိုးရတပ်များကို ထောက်ပံ့ကူညီရေး ဆီးရီးယား၌ 
တပ်များဖြန့်ကြက်ရန် ကြိုးစားလျက်ရှိသည်။
ဆီးရီးယားသမ္မတက မိမိတို့နိုင်ငံသို့ စစ်ရေးကူညီပေးရန် တောင်းဆိုခဲ့မှုအပေါ် ရုရှားပါလီမန်က မဲခွဲ 
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်မလင် အုပ်ချုပ်ရေး အကြီးအကဲ ဆာဂျီအိုင်ဗန်နော့်ဗ်က ပြောဆိုလိုက်သည်။
သို့သော်ရုရှားမြေပြင်တပ်များ ဆီးရီးယား ပဋိပက္ခတွင် ပါဝင်မည်ဟု ဆိုခြင်း မဟုတ်ဘဲ လေတပ်ကိုသာ
အသုံးပြုမည်ဟု ဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆီးရီးယားရှိ ရုရှားတပ်များအနေဖြင့် အာဆတ်၏ အကြမ်းဖက်တိုက်ဖျက်ရေးကိုသာ 
ကူညီပေးဖွယ်ရှိသည်ဟု ဆိုသည်။

Ref: Reuters News  / Myanma Alinn Daily

တရုတ်နိုင်ငံ၏ ရေတပ်အင်အားတိုးချဲ့ခြင်းအပေါ် ဂျပန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်



နယူးယောက်၊ စက်တင်ဘာ ၃၀
ဂျပန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများက တရုတ်နိုင်ငံ၏ ရေတပ်အင်အား တိုးချဲ့ခြင်းနှင့်
ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ မူဝါဒများကို ပေါင်းစပ်ညှိုနိုင်းရန် သဘောတူညီမှု ရရှိခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယိုကီရှီဒါ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အိန္ဒိယ နိုင်ငံခြားရေး
ဝန်ကြီး ဆူရှာမာဆွာရာဂ်ျတို့သည် စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့တွင် ပထမဆုံးအကြိမ် 
သုံးပွင့်ဆိုင် သီးသန့်တွေ့ဆုံခဲ့ကြသည်။
ယင်းသို့တွေ့ဆုံခဲ့ရာတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ စစ်အင်အားတိုးချဲ့ခြင်းအပေါ်
စိုးရိမ်ပူပန်မှုများရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ပိုင်နက်နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် မြေတူးဖော်ရေးလုပ်ငန်း 
စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိခြင်းတို့ကြောင့် ၎င်းဒေသတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် 
တရုတ်နိုင်ငံတို့အကြား သဘောထားတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
အာရှပစိဖိတ်ဒေသတွင် တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းစေရန် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး သဘောထားတင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
ထို့ကြောင့် တရုတ်နိုင်ငံ၏ စစ်အင်အားတိုးမြှင့်မှုအပေါ် ၎င်းတို့၏မူဝါဒများ ချမှတ်မှုကို သုံးနိုင်ငံပူးပေါင်းလုပ်ဆောင်ရန်
အတည်ပြုခဲ့ကြသည်။
ထို့အပြင် ဘေးအန္တရာယ်ကျရောက်သည့်အခါ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် 
ယင်းသုံးနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များတွေ့ဆုံကာ အတွေ့အကြုံများဖလှယ်ပြီး အစည်းအဝေးတစ်ရပ် 
ကျင်းပရန်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် 
ကူညီထောက်ပံ့မှုဆိုင်ရာ အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပရန် သဘောတူညီခဲ့ကြသည်။


Ref: NHK / The Mirror

Wednesday, September 30, 2015

အင်္ဂါဂြိုလ်တွင် ရေစီးဆင်းနေသည့် အထောက်အထားတွေ့ရှိ




နာဆာ၊ စက်တင်ဘာ ၂၉

အမေရိကန်အာကာသ အေဂျင်စီမှ သုတေသနပညာရှင်များက အင်္ဂါဂြိုလ်သည် ပူနွေးသည့်ရာသီများတွင်
ရေများစီးဆင်းနေသည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
နာဆာမှ သိပ္ပံပညာရှင်များသည် အင်္ဂါဂြိုလ်၏ မျက်နှာပြင်ပေါ်ရှိ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ
လေ့လာပြီး တွေ့ရှိချက်များကို သဘာဝဘူမီသိပ္ပံဂျာနယ်တွင် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ အင်္ဂါဂြိုလ်၏ မျက်နှာပြင်ပေါ်ရှိ သတင်းအချက်အလက်များကို အင်္ဂါဂြိုလ် ထောက်လှမ်းရေး
အေဂျင်စီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သုတေသနပညာရှင်များသည် အပူချိန်ပူနွေးမြင့်တက်လာသောအခါတွင် အင်္ဂါဂြိုလ်ဟုခေါ်သော 
ဂြိုလ်နီကြီး၏ အစိတ်အပိုင်းအချို့တွင် တွေ့ရှိရသော အနက်ရောင် အစက်အပြောက်များကို 
အသေအချာလေ့လာမှုများ ပြုလုပ်နေသည်။
၎င်းအနက်ရောင် အစင်းအပြောက်များသည် ဂြိုလ်ကြီး၏ အေးနေသော အချိန်များတွင် ပျောက်ကွယ်
နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
အနီအောက်ရောင်ခြည် အသုံးပြု၍ အင်္ဂါဂြိုလ်ကို လေ့လာမှုပြုရာ အနက်ရောင်အစင်းအပြောက်များရှိသော
ဆားပျော်ရည်များသည် တောင်အောက်သို့ စီးဆင်းနေပုံရှိသည်ကို တွေ့ရှိရသည်။
နာဆာ သိပ္ပံပညာရှင်များက အနက်ရောင် အစက်အပြောက်များတွင် ဆားဒြပ်ပေါင်းများ ပါဝင်နိုင်သည်ဟု
ယုံကြည်ထားသည်။
အမေရိကန် လေ့လာမှုများက အင်္ဂါဂြိုလ်တွင် တစ်ချိန်တုန်းက ရေထုပမာဏ အများအပြားရှိကြောင်း၊
ထိုရေထုပမာဏထဲတွင် မြစ်ချောင်းအင်းအိုင်များပါ ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Ref: NHK News  / Myanma Alinn Daily

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၄၀၀၀၀ နိုင်ငံပေါင်း ၅၀ ကျော်က စေလွှတ်ရန် ကတိပြု



ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉

ရဟတ်ယာဉ်များ၊ ဆေးအဖွဲ့များ၊ လမ်းဘေးထောင်ဗုံးများ ရှင်းလင်းရေးအတွက် လေ့ကျင့်ရေးနှင့်
ဆက်စပ်ပစ္စည်းများအပါအ၀င် ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်တာဝန်ထမ်းဆောင်ရန်
နိုင်ငံပေါင်း ၅၀ ကျော်က ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ စေလွှတ်ပေးရေးအတွက် ကုလသမဂ္ဂ
အစည်းအဝေး၌ ကတိပြုပြောဆိုခဲ့ကြကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တနင်္လာနေ့တွင်
ကြေညာခဲ့သည်။
စစ်ဆင်ရေးအသစ် ဖွဲ့စည်းပြီးသည်နှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကြက်သွားနိုင်မည်ဖြစ်ကြောင်း
ကုလသမဂ္ဂ၌ ကျင်းပသော ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် သဘာဝတိအဖြစ်
ဆောင်ရွက်သော သမ္မတအိုဘားမားက ပြောသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတိုင်းမှာ ယခင်ကထက် ပိုမိုထိထိရောက်ရောက်
ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု သမ္မတအိုဘားမားက ပြောသည်။
နိုင်ငံပေါင်း ၅၀ ကျော်က ရဟတ်ယာဉ် ၄၀ ကျော်၊ စစ်အင်ဂျင်နီယာ ကုမ္ပဏီ ၁၅ ခုနဲ့ ဆေးရုံ ၁၀ ခု၊ ထောက်ပံ့မည့်အပြင်
တပ်ဖွဲ့ဝင် ၄၀၀၀၀ ကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး

ဆန်မန်သာပါဝါ က ပြောကြားသည်။

Ref:  Ref: Reuters News  / Myanma Alinn Daily

ဆီးရီးယားပြည်တွင်းစစ် သံတမန်နည်းအရ အဆုံးသတ်ရေး အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ သဘောတူညီမှုရရှိ






ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉

ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာဆက် ကို အာဏာဆက်ပေးရေး
အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြသော်လည်း ဆီးရီးယားပြည်တွင်းစစ်ကို သံတမန်နည်းလမ်းဖြင့်
အဆုံးသတ်ရန် တနင်္လာနေ့က သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်များက ရုရှားက ဆီးရီးယားတွင် စစ်ရေးအရ ပါဝင်ရန် ကြိုးပမ်းခဲ့ပြီးနောက်
ဆီးရီးယားပြည်တွင်းစစ်တွင်း ယင်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခြင်းကို ရှောင်ရှားသင့်ကြောင်း
အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မိနစ် ၉၀ ကြာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း
သဘောတူညီခဲ့ကြသည်။
အမေရိကန်၊ ပြင်သစ်နှင့် မဟာမိတ်နိုင်ငံများသည် အစ္စလာမ်တိုင်းပြည်တစ်ခု တည်ထောင်ရန် ရည်မှန်းချက်
အစိတ်အပိုင်းတစ်ခုအဖြစ် အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားရှိ ဒေသအတော်များများကို သိမ်းပိုက်ပြီး
အင်အားချဲ့ထွင်မှု ပြုလုပ်နေသော အိုင်အက်စ်အကြမ်းဖက် စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်မှုများ
ပြုလုပ်လျက်ရှိသည်။
ဆီးရီးယားနိုင်ငံအတွင်း ရုရှား၏ တင့်ကားနှင့် စစ်လေယာဉ်များရှိနေခြင်းသည် ပဋိပက္ခ ဖြစ်လာနိုင်ကြောင်း
အမေရိကန်က မော်စကိုအား အဓိက မေးခွန်းထုတ်ခဲ့သည်။
ရုရှားအနေဖြင့် အိုင်အက်စ်တို့အား ဆန့်ကျင်တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရနှင့် ကာ့ဒ် တပ်ဖွဲ့များကိုသာ
အကူအညီ ပိုမိုပေးသင့်သည်ဟု အိုဘားမားနှင့် တွေ့ဆုံအပြီး သမ္မတပူတင်က သတင်းထောက်များအား
ပြောသည်။
ရုရှားနှင့် အမေရိကန် ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ် မတ်လတွင် ယူကရိန်းမှ ကရိုင်းမီးယားကို မော်စကိုက
လက်နက်နိုင်ငံပြုခဲ့ပြီးနောက် တင်းမာမှုများ ဖြစ်ခဲ့ရသည်။


Ref:  Ref: Reuters News  / Myanma Alinn Daily

Popular Posts