Sunday, October 11, 2015

မြန်မာတို့၏ ယဉ်ကျေးမှု အမွေ ပုဂံခေတ် မြစေတီကျောက်စာနှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာတို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်အတည်ပြုပြီ





အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီမြို့တွင် အောက်တိုဘာလ ပထမပတ်အတွင်း ကျင်းပသော
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အစီအစဉ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်အတွက်
ကမ္ဘာ့မှတ်တမ်းဝင် အမွေအနှစ်လျှောက်ထားမှုပေါင်း ၈၈ ခုအနက်မှ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက
တင်သွင်းသော မြစေတီကျောက်စာ၊ ဗြိတိန်နိုင်ငံ ဗြိတိန်စာကြည့်တိုက်နှင့် ဂျာမဏီနိုင်ငံ ဟန်နိုဗာမြို့ 
Gottfried Wihelm Lebnize စာကြည့်တိုက်တို့က ပူးပေါင်းတင်သွင်းသော ဟန်နိုဗာမြို့ရှိ 
အလောင်းမင်းတရားကြီး၏ ရွှေပေလွှာမှတ်တမ်း အမွေအနှစ်အပါအ၀င် ၄၇ ခုကို ယူနက်စကို 
ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းတွင် ထည့်သွင်း သတ်မှတ်အတည်ပြုခဲ့ပြီ ဖြစ်ပါသည်။
မြစေတီကျောက်စာသည် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာ စာပေလောကတို့တွင် 
အထူးထင်ရှား၍အရေးပါသော ကျောက်စာဖြစ်သည်။ ထိုကျောက်စာကို သက္ကရာဇ် ၄၇၅ 
( အေဒီ - ၁၁၁၃ ) ခုတွင်ရေးထိုးခဲ့ကြောင်း သိရသည်။ ကျောက်စာတိုင်နှစ်တိုင်တွေ့ရှိရာ 
ပထမကျောက်စာတိုင်ကို ပုဂံတောင်ဘက် မြင်းကပါရွာအနီး မြစေတီခြေရင်းမှ တွေ့ရှိရပြီး 
ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ထားရှိကြောင်းသိရသည်။
နောက်ထပ် တစ်တိုင်ကိုမူ ဂူပြောက်ကြီးဘုရားအတွင်းတွင် အပိုင်းသုံးပိုင်း ကျိုးပြတ်လျက် တွေ့ရှိရပြီး
ပထမအကြိမ်၌ အောက်နှစ်ပိုင်းကိုသာ တွေ့ရှိရသည်ဟု ဆိုသည်။
ထို့နောက် ၁၉၀၄ ခုနှစ် ( မြန်မာသက္ကရာဇ် ၁၂၆၆ ) တွင် ပြိုပျက်နေသော မြစေတီ မဟာရံတံတိုင်းကို
 ပြင်ဆင်သောအခါ ဒုတိယအကြိမ်၌ ကျန်နေသည့် ကျောက်စာထိပ်ပိုင်းကို ထိုတံတိုင်းအတွင်းမှ ရသဖြင့် ဒုတိယကျောက်စာတိုင်မှာ စုံလင်သွားကြောင်း သိရသည်။ ထို့နောက်ယင်းကျောက်စာတိုင်၏ အောက်ခြေ
ငုတ်တိုကို မြစေတီ၏ အရှေ့ဘက်ခြေရင်း၌ ကပ်လျက်ရှိသော ပိဋကတ်တိုက်ဟု ယူဆရသည့် 
အဆောက်အအုံဟောင်းထဲ၌ တွေ့ရှိရကြောင်း၊ ယခုအခါ မြစေတီဘုရားရင်ပြင်တော်ပေါ်တွင် ကျောက်စာရုံ တည်ဆောက်ထိန်းသိမ်းပြသထားကြောင်း သိရသည်။
ထို့အတူ မြန်မာစာပေအရေးအသား၏ မူလအစကို ရှာဖွေလျှင်လည်း ယင်းကျောက်စာကို တွေ့ရှိရသည်။
စင်စစ်အားဖြင့် မြစေတီကျောက်စာသည်ကား မြန်မာစာပေ၏ အုတ်မြစ်သဖွယ်ပင် ဖြစ်သည်။
မြန်မာစာပေတွင် ကျောက်စာစကားပြေသည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆဖွယ် ဖြစ်၏။ မြန်မာဘာသာမျှ 
မကသေး။ အထက်ပါအကြောင်းအရာကို ပျူ၊၊ မွန်၊ ပါဋ္ဌိ ဘာသာဖြင့်လည်းကောင်း ကျောက်စာတိုင်၏ 
အခြားသော သုံးမျက်နှာ အသီးသီးတွင် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ မြစေတီကျောက်စာတွင် 
အဓိကတန်ဖိုးကြီးမားသော အချက်နှစ်ချက် ရှိပြီး ပထမအချက်မှာ အကြောင်းအရာတစ်ခုတည်းကို 
ဘာသာလေးမျိုးဖြင့် ရေးထိုးထားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အကြောင်းအရာတူ ဘာသာလေးမျိုးဖြင့်
 ကျောက်စာတိုင်နှစ်တိုင် ရေးထိုးခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မြစေတီကျောက်စာသည် ထူးခြားထင်ရှားသည့် မြန်မာ့သမိုင်းအတွက် အရေးကြီးသည့်
 ကျောက်စာဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် တန်ဖိုးထားနိုင်ရန်
တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းသို့ တင်သွင်းမှုများအနက် မြန်မာဘုရင် အလောင်းဘုရားက
ဗြိတိန်ဂျော့ဘုရင်၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာကို ဂျာမနီနိုင်ငံက
ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘက်သို့ သဘောထား
တောင်းခံပြီး ဂျာမဏီနိုင်ငံက ပူးတွဲတင်ပြခြင်းဖြစ်သည်။ ဤရွှေပေလွှာကို ဂျာမဏီနိုင်ငံ ဟန်နိုဗာမြို့ရှိ
Gottfried Wihelm Leibniz စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်။
အဆိုပါ ရွှေပေလွှာရွက်သည် အေဒီ ၁၇၅၆ ခုနှစ်တွင် အလောင်းမင်းတရားကြီးက ဗြိတိန်ဘုရင်
ဂျော့ -၂ ထံသို့ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန်အတွက် အင်္ဂလိပ်ကုန်သည်အဖွဲ့ကို ဟိုင်းကြီးကျွန်းပေါ်၌
နေထိုင်ခွင့်ပြုထားကြောင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် လွတ်လပ်သော ပြည်ထောင်မင်းအချင်းချင်း
တန်းတူညီမျှဖြင့် ပေးပို့သောသ၀ဏ်လွှာဖြစ်ပြီး ဗြိတိန်ဘုရင် ဂျော့ -၂ က ၎င်း မွေးဖွားရာဇာတိဖြစ်သော
ဟန်နိုဗာမြို့ စာကြည့်တိုက်သို့ လွှဲပြောင်းပေးခဲ့၍ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။
သ၀ဏ်လွှာ၏ ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခတ်နှိပ်ထားသည်။
ရွှေပေလွှာတွင် စာကြောင်းရေ ၁၀ ကြောင်းပါရှိသည်။ ရွှေပေလွှာပေးပို့သော ရက်စွဲမှာ
၁၇၅၆ ခု မေ ၇ ရက်ဖြစ်သည်။ အဆိုပါ ရွှေပေလွှာကို ၂၀၁၄ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဂျာမဏီနိုင်ငံသို့ သွားရောက်သည့် ချစ်ကြည်ရေးခရီးစဉ်တွင်
လေ့လာကြည့်ရှုခဲ့ရသည်။ ဂျာမဏီအစိုးရက ယင်းရွှေပေလွှာ ဒီဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့
ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ရွှေပေလွှာမိတ္တူကို အမျိုးသားပြတိုက် ( ရန်ကုန် ) တွင်
ပြသထားကြောင်းလည်း သိရသည်။


Ref: မြန်မာ့အလင်း

No comments:

Post a Comment

Popular Posts