Thursday, June 25, 2015

တပ်မတော်နှင့် စစ်ရေးအခြေအနေ တင်းမာမှု လျှော့ချနိုင်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် ဝ အဖွဲ့ တွေ့ဆုံ


ဇွန် ၂၄
တပ်မတော်နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တို့အကြား စစ်ရေးတင်းမာမှု လျှော့ချနိုင်ရေးအတွက်        ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် UWSP တောင်ပိုင်း ဆက်ဆံရေးမှူးတို့ တွေ့ဆုံခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရှိရသည်။
အဆိုပါ တွေ့ဆုံပွဲကို ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း UWSP/UWSA တာဝန်ရှိသူများက ဆိုသည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်တောင်ပိုင်းတွင် တပ်နေရာတိုးချဲ့ခြင်း၊ အင်အားတိုးမြှင့်ခြင်းကို တပ်မတော်က စောင့်ကြည့်နေသည့် အနေအထားကြောင့် ဇွန်လ ပထမပတ်အတွင်း စစ်ရေးတင်းမာမှုအချို့ ဖြစ်နေခြင်းကိစ္စကို ဆွေးနွေးရန် ယင်းသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း UWSA ပြန်ကြားရေးတာဝန်ခံ ဦးအောင်မြင့်က ပြောကြားသည်။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး တပ်မတော် အရာရှိတစ်ဦးက “ “ဝ” တပ်ဖွဲ့က တပ်တွေ တိုးချလာတာမျိုး ရှိပါတယ်။ စစ်ရေးတင်းမာမှု မရှိသလို တိုက်ပွဲလည်း မဖြစ်ပါဘူး။ ဒါပေမဲ့ တရားမဝင် သစ်ထုတ်လုပ်မှုကို တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး နောက်ပိုင်းမှာ တန့်ယန်းဘက်ထိ တပ်တွေ တိုးချလာတာ တွေ့ရတယ်။ သူတို့ကလည်း စိုးရိမ်မှု တစ်စုံတစ်ရာ ရှိမှာပေါ့” ဟု ပြောဆိုသည်။
UWSA တာဝန်ရှိသူ တစ်ဦးကမူ တပ်နေရာ တိုးချဲ့ချထားခြင်းနှင့် ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားရန် ပြင်ဆင်နေသည့်သဘော မဟုတ်ဘဲ UWSA အနေနှင့် လုံခြုံရေးကို ပိုအာရုံစိုက်လာသည့် အခြေအနေသာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့မှ စတင်ကာ သံလွင်အရှေ့ဘက်ခြမ်းတွင် UWSP တပ်ဖွဲ့များ သစ်တောကြိုးဝိုင်းအတွင်း သစ်ထုတ်ယူမှုကို နယ်မြေခံတပ်မတော်က ဝင်ရောက်ဖမ်းဆီးရာမှ တပ်မတော်နှင့် UWSA တပ်ဖွဲ့အကြား စစ်ရေးတင်းမာမှု ပြန်လည်ဖြစ်သွားခဲ့ပြီးနောက် “ဝ” တပ်ဖွဲ့များက တပ်များ တိုးချဲ့နေရာယူလာခြင်း ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူအချို့က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Popular Posts